𝙹𝚘𝚑𝚗 𝚂 𝙺𝚊𝚢

𝙹𝚘𝚑𝚗 𝚂 𝙺𝚊𝚢

Share

Who will have all men to be saved, and to come unto the knowledge of the truth. 1Tim 2:4

Pastor of Wichita Myanmar Christian Church
Founder of MGBCI
Director of Shwe Canaan TV
Director of Shwe Canaan Ministry

02/14/2025

ဝံပုလွေများ(တောခွေးစု)ကြားမှ သိုးများ
~~~~~~~~~
လောကမှာရှိတဲ့ယုံကြည်သူတွေဟာ ဝံပုလွေ(တောခွေးစု)တွေကြားက သိုးတွေနှင့် တူပါတယ်။

သင်တို့သွားလေသည်အရာမှာ၊ တောခွေးစုထဲသို့ သိုးသငယ်တို့ကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေ လွှတ်၏။ (လုကာ ၁၀:၃)

ဝံပုလွေတွေဟာ ကြောက်စရာကောင်းတဲ့ သတ္တဝါတွေဖြစ်တယ်။ အဲဒီသဘာဝ သားသတ်ကောင်တွေဟာ အလွန်လျင်မြန်တဲ့ နှုန်းနှင့် သွားလာကြသလို၊ အားအင်ချိနဲ့တဲ့ သားကောင်တွေကို နှစ်သက်ကြတယ်။ အုပ်စုဖွဲ့ပြီး သွားလာတတ်တယ်။ အချင်းချင်းဆက်သွယ်မှုအားကောင်းသလို ခိုင်မာတဲ့သံယောဇဉ်ရှိကြတယ်။ သူတို့ရဲ့ ပိုင်နက်နယ်ပယ်တွေကိုလည်း ကာကွယ်တတ်ကြတယ်။ အန္တရာယ်ရဲ့ အနံ့အသက်ကို ခံတတ်ပြီး တိုက်ခိုက်ဖို့ အဆင်သင့်ရှိနေတတ်ကြတယ်။ သူတို့ရဲ့ လှုပ်ရှားမှုတွေကို မမြင်နိုင်တဲ့ ညဘက်တွေမှာလည်း သားကောင်တွေကို ရှာတတ်ကြတယ်။

ဒီလိုဘဲ ယေရှုက သူ့တပည့်တွေကို စေလွှတ်တဲ့အခါမှာ တောခွေးအလယ်မှာရှိတဲ့ သိုးတွေလို့ ပြောခဲ့တာကို သူ့တပည့်တွေက သိကြတယ်။ သူတို့ဟာ သိုးတွေလိုဘဲ၊ ဘာမှ မသိကြဘဲ။ ဘုရားကို ဆက်ကပ်ဖို့နှင့် ဆုတောင်းဖို့ဘဲသိကြတယ်။ ဒီလိုဘဲ ယေရှုနောက်ကိုလိုက်ရင် ကျွန်တော်တို့ရဲ့ အားနည်းချက်တွေ မှားယွင်းမှုတွေနှင့် ချို့တဲ့တဲ့ အရာတွေကို လိုက်ရှာနေတဲ့ တောခွေးတွေရဲ့ ဝိုင်းအုံတာကို ခံရမှာဖြစ်တယ်။

ကျွန်တော်တို့ကို တိုက်ခိုက်ဖို့အတွက် လျင်လျင်မြန်မြန်နှင့် တညီတညွှတ်တည်း လုပ်ဆောင်တတ်ကြတယ်။ ကျွန်တော်တို့ဘက်က ပြင်ဆင်မှုတွေ အားနည်းနေတဲ့အချိန်နှင့် ရန်သူကို မမျှော်လင့်တဲ့အချိန်မှာ သူတို့တွေက အချိန်မရွေးနေရာမရွေးဘဲ၊ တိုက်ခိုက်နိုင်ကြတယ်။ ကျွန်တော်တို့ရဲ့ အဓိက ဝိညာဉ်ရေးရာရန်သူကတော့ သူ့ရဲ့ တပ်တစ်ခုလုံးကို လှုံဆော်ထားတယ်။ တချို့က သိုးရေခြုံထားတတ်ပြီး မိတ်ဆွေတွေလို၊ လုပ်ဖော်ဆောင်ဘက်တွေလို ဟန်ဆောင်ကြတယ်။ တချို့ကတော့ လည်း ရန်သူတွေလိုဘဲ ပေါ်လာကြတယ်။

ဘုရားသခင်ကတော့ သင့်ကို အပြစ်ကင်းတဲ့သူ၊ စင်ကြယ်တဲ့ သူ ယုံကြည်ခြင်းနှင့် ပြည့်နေတဲ့ သိုးတစ်ကောင်လို ဖြစ်စေချင်တယ်။ ဒါပေမည့်တောခွေးတွေက သင့်ပတ်လည်မှာ အမြဲရှိနေတာကိုတော့ ဘယ်တော့မှ မမေ့ပါနှင့်။

- နိုးနိုးကြားကြားနှင့် အဆင်သင့်ရှိနေပါ။
- နှုတ်ကပါတ် တော်အားဖြင့် အသက်တာကို ခိုင်ခံ့စေပြီး ရန်သူကို ပြန်တိုက်ပါ။ (တောခွေးစုထဲသို့ စေလွှတ်သကဲ့သို သင်တို့ကို ငါစေလွှတ်၏၊ ထိုကြောင့် သင်တို့သည် မြွေကဲ့သို့လိမ္မာလျက် ချိုးကဲ့သို့အဆိတ်ကင်းလျက်ရှိကြလော့။) (မဿဲ ၁၀:၁၆)

- ရန်သူကို ဂရုမစိုက်ဘဲ နေမည့်အစား အမြဲအသင့်ရှိပါ။

God bless you!

ကျေးဇူးပြုပြီး Share ပေးပါ။

#ရွှေခါနာန်ဝိညာဉ်အာဟာရ

02/13/2025

ပူပန်သော နှလုံးသားများ
~~~~~~~~~~~~~
ကျွန်တော်တို့စိတ်နှလုံးပူပန်နေတဲ့အချိန်တွေမှာ ဘယ်သူ့ဆီကို သွားမလဲ။

(လုကာ ၂၄း၃၆-၃၈) ထိုသို့အချင်းချင်း ပြောဆိုသောအခါ၊ ယေရှုသည် သူတို့အလယ်၌ ရပ်တော်မူလျက်၊ သင်တို့အား ငြိမ် သက်ခြင်းဖြစ်စေသတည်းဟု မိန့်တော်မူ၏။ တပည့်တော်တို့သည် တစ္ဆေကိုမြင်သည်ဟု စိတ်ထင်နှင့် ထိတ်လန့် ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။ ကိုယ်တော်ကလည်း၊ အဘယ်ကြောင့် အထူးထူးအထွေထွေသော စိတ်ရှိကြသနည်း။

ရှင်လုကာက သူရေးတဲ့ ကျမ်းအစမှာ ဇာခရိရဲ့ အကြောင်းနှင့် စတင်ခဲ့ပါတယ်။ ယဇ်ပုရောဟိတ်ဇာခရိနှင့် သူ့ဇနီးက နှစ်အတန်ကြာတဲ့အထိတိုင် သားသမီးမရခဲ့ကြဘူး။ (လုကာ ၁း၇) တစ်နေ့မှာ ဘုရားသခင်ရဲ့ ကောင်းကင်တမန်တစ်ပါးဟာ ဇာခရိဆီကို ရုတ်တရက်ရောက်လာလို့ သူဟာ စိတ်နှလုံးပူပန်ခဲ့ရတယ်။ (လုကာ ၁း၁၂) အဲဒီလိုဘဲ ရှင်လုကာက သူ့ကျမ်းပိုဒ်ရဲ့ အဆုံးကိုလည်း တခြားသူတွေရဲ့ စိတ်နှလုံးပူပန်မှုတွေနှင့် အဆုံးသတ်ထားတယ်။

ဧမောက်ရွာကို သွားတဲ့လမ်းမှာ လူနှစ်ယောက်ရဲ့ ရှေ့မှာ ယေရှုက ရုတ်ရက်ပေါ်လာခဲ့ပြီး အဲဒီနောက်မှာ ဒီလူနှစ်ယောက်က တခြားတပည့်တော်တွေကို သူတို့ကြုံတွေ့ရတာတွေကို ပြောပြနေတယ်။ အဲဒီအချိန်မှာ ယေရှုက ရုတ်တရက်ပေါ်လာပြီး ငြိမ်သက်ခြင်းရှိပါစေဆိုပြီး ပြောခဲ့တယ်။ ရိုးရိုးလေးဘဲ ပြောလိုက်ပေမည့် တပည့်တော်တွေက ထိတ်လန့်ကြောက်ရွံ့ခဲ့ကြတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ဇာခရိနှင့် တပည့်တော်တွေဟာ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေနှင့် အဖြစ်အပျက်တွေကို မြင်ခဲ့ကြားခဲ့ကြရတယ်။ ဒါပေမည့် အဲဒီအခြေအနေနှစ်ခုစလုံးမှာ ငြိမ်သက်ခြင်းဆိုတဲ့ သတင်းစကားကို ရခဲ့ပြီး ဘုရားသခင်ဟာ သူတို့ပတ်ဝန်းကျင်ကို ထိန်းချုပ်ထားတယ် ဆိုတာ သူတို့ကို အားပေးခဲ့တယ်။

ဒါပေမည့် သူတို့ဟာ စိတ်နှလုံးပူပန်နေကြဆဲဘဲဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ယေရှုကို လုံးလုံးလျားလျား မယုံကြည်ကြသေးတဲ့အတွက်ဘဲဖြစ်တယ်။ ယေရှုရဲ့ အချုပ်အခြာအာဏာအပေါ်မှာ ယုံကြည်မှုမရှိကြသလို၊ သဘာဝလွန်ဖြစ်ရပ်နှင့်ပတ်သက်ပြီး ဖန်ဆင်း ပြင်ဆင်ပေးခဲ့တာတွေ ကို စိတ်ချမှုမရှိခဲ့ဘူး။

ယနေ့ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ မြင်တွေ့နေရတာတွေ၊ ကြားနေရတာတွေဟာ ကျွန်တော်တို့စိတ်နှလုံးကို အလွယ်တကူ ပူပန်စေပါတယ်။ ကျွန်တော်တို့ဟာ ကြောက်ရွံ့ပြီး သံသယဖြစ်နိုင်သလို ရင်ဆိုင်ရတဲ့ ပြဿနာတွေဟာလည်း ကြီးမားပြီး မျှော်လင့်ချက်မဲ့နေတဲ့ ပုံပေါက်နေပါတယ်။

ဘုရားသခင်ဟာ ဖန်ဆင်းထားတဲ့ အရာအားလုံးရဲ့ အချုပ်အခြာအာဏာရှိတဲ့သူဆိုတာ သတိရပါ။

သင့်အတွက် နှင့် ကမ္ဘာကြီးအတွက်ပါ သူ့မှာအကြံအစည်ရှိပါတယ်။
ကိုယ်တော်က သင်နှင့်အတူ ရှိရင် ဘာမဆိုဖြစ်နိုင်တယ်။

သင့်စိတ်နှလုံးပူပန်မှုတွေရှိခဲ့ရင် ကိုယ့်တော်ထံကို လှည့်လာပါ။

သင့်လိုအပ်ချက်တွေကိုကိုယ်တော်ထံအပ်နှံလိုက်ပါ။

ကိုယ်တော်ကို ယုံကြည်ပြီး ငြိမ်သက်ခြင်းကို ခံယူပါ။

ဆင်ခြင်ရန်မေးခွန်း
ယနေ့သင့်ရဲ့ ဘယ်လို အခြေအနေတွေမှာ ဘုရားသခင်ရဲ့ ထိန်းချုပ်မှုကို ဝန်ခံအပ်နှံမှာလဲ။

God bless you!
ကျေးဇူးပြုပြီး Share ပေးပါ။

#ရွှေခါနာန်ဝိညာဉ်အာဟာရ

02/12/2025

အဆုံးစွန်သောကတိ
~~~~~~~~~~~~
သင်ဟာ ခရစ်တော်နဲ့ အဆုံးစွန်သော ကတိတစ်ခု ပြုဖို့ အဆင်သင့်ဖြစ်ပြီလား။

(မဿဲ ၁၉း၂၁) ယေရှုကလည်း၊ သင်သည်စုံလင်ခြင်းသို့ ရောက်လိုလျှင်သွားလော့။ ကိုယ်ဥစ္စာများကိုရောင်း၍ ဆင်းရဲ သောသူတို့အား ပေးလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုရလိမ့်မည်။ သို့ပြီးမှ ငါ့နောက်သို့ လိုက် လော့ဟု မိန့်တော်မူ၏။

ဒါကတော့ နှုတ်ကပတ်တော်ကို သိပြီး အကျင့်တွေကို ကြိုးစားကျင့်နေတဲ့ ချမ်းသာတဲ့ ဘာသာရေးသမား လူငယ်တစ်ယောက်ရဲ့ အကြောင်းဘဲဖြစ်တယ်။ သခင်ယေရှုက အရာအားလုံးကို စွန့်လွတ်ပြီး သူ့နောက်ကို လုံးဝလိုက်ဖို့အတွက် ကတိပြုဖို့တောင်းဆိုခဲ့တယ်။

ဒီချမ်းသာတဲ့လူငယ်ရဲ့ ပိုင်ဆိုင်မှုအားလုံးကို ရောင်းဖို့အထိ ပြောခဲ့တယ်။ အဲဒီလိုပြောလိုက်တာက လူငယ်ကို ဝမ်းနည်းသွားစေခဲ့တယ်။ ထာဝရအသက်ကို ရချင်ပေမည့်လည်း ယေရှုက သူ့ကို အလွန်အမင်း တောင်းဆိုနေတယ်လို့ ထင်ပုံရတယ်။ (အခန်းငယ်၁၆)

သူက နောင်ဘဝမှာရမည့် အမွေဥစ္စာတွေကို ရှာတွေ့ဖို့ မျှော်လင့်ပေမည့်လည်း၊ လက်ရှိသူ့မှာ ရှိတဲ့ များပြားတဲ့ ပိုင်ဆိုင်မှုတွေကြောင့် ဒီပစ္စုပ္ပန်လောကကို ဘဲ ရွေးချယ်ပြီး လောကနှင့်ဘဲ ကတိပြုခဲ့တာဖြစ်တယ်။
သူ့လိုဘဲ လူတော်တော်များများက ယေရှုနောက်ကိုလိုက်ဖို့ စိတ်ဝင်စားကြပေမည့် ဒီလောကအရာတွေနှင့်ဘဲ အလျော့အတင်းအပေးအယူလုပ်တတ်ကြတယ်။ သခင်ယေရှုက ဒီချမ်းသာတဲ့ လူငယ်ကို ပြောတဲ့အတိုင်း ကျွန်တော်တို့ကိုလည်းခိုင်းခဲ့တယ်။

ကျွန်တော်တို့ကရော ကိုယ်တော်နောက်ကို လုံးလုံးလျားလျားလိုက်ဖို့ ဆန္ဒရှိသလား။
ကိုယ့်ရဲ့ ပိုင်ဆိုင်တဲ့ အရာတွေကို ထားခဲ့ပြီး လုံးဝကို အပြည့်အဝလိုက်မှာလား။

ကိုယ့်အတွက်ဘဲ အသက်ရှင်နေရာကနေပြီး ကျွန်တော်တို့ရဲ့ အချိန်ဘဏ္ဍာစွမ်းရည်အားလုံးကို ကိုယ်တော့်ဆီကို အပ်ဖို့ အဆင်သင့်ဖြစ်ပြီးလား။ အဲဒီလို ဘုရားသခင်နှင့် အဆုံးစွန်သော ကတိပြုကြတဲ့သူတွေဟာ ယုံကြည်ခြင်းနယ်ပယ်အသစ်ထဲကို ဝင်ရောက်လာတဲ့ သူတွေဖြစ်တယ်။

အဲဒီအချိန်မှာ ဘုရားသခင်ရဲ့တန်ခိုးတော်က စတင်စီးဆင်းလာပြီး ကိုယ်တော်ရဲ့ နိုင်ငံတော်ဟာ ထိုသူတွေရဲ့ အထဲမှာ ရှင်သန်လာပါတယ်။

ယေရှုက သင့်ကိုလည်း ဒီလိုအခွင့်အရေးမျိုး ကမ်းလှမ်းနေပါတယ်။ ဒါပေမည့် အဆုံးစွန်တဲ့ ကတိတစ်ခုတော့ ပေးဖို့လိုတာပေါ့။ သင်ဟာ ဒီလောကအရာတွေကိုဘဲ တွယ်ကပ်နေမလား။ ဒါမှမဟုတ် အရာအားလုံးကို စွန့်လွတ်ပြီး ကိုယ်တော့်နောက်ကိုဘဲလိုက်မလား။

နောက်မဆုတ်လိုက်ပါနဲ့။
~~~~~~~~~
ယုံကြည်ခြင်းခြေလှမ်းကို အစပြုပါ။ အရာအားလုံးကို ယေရှုဆီမှာအပ်နှံပါ။ လူတိုင်းက ဒီလမ်းကို လျှောက်ဖို့ ဆန္ဒမရှိကြပေမည့် ဒီလမ်းကဘဲ ကိုယ်တော်ရဲ့ စုံလင်တဲ့ အသက်တာကို ရှာဖွေတွေ့ရှိနိုင်ဖို့ လုံးဝပြီးပြည့်စုံတဲ့ တစ်ခုတည်းသော လမ်းဘဲဖြစ်ပါတယ်။

ဆင်ခြင်ရန်မေးခွန်း
ယနေ့ ယေရှုက သူ့နောက်ကို လိုက်ဖို့ သင့်ကို ဘာတွေကို စွန့်လွတ်ခိုင်းနေသလဲ
။

God bless you!

ကျေးဇူးပြုပြီး Share ပေးပါ။

#ရွှေခါနာန်ဝိညာဉ်အာဟာရ

02/10/2025

လောကမိတ်ဆွေများ
~~~~~~~~~~~
သင်ဟာ ဒီလောကကြီးနဲ့ မိတ်ဆွေဖွဲ့နေသလား၊ ဒါမှမဟုတ် ဘုရားသခင်နှင့် မိတ်ဆွေဖွဲ့နေသလား၊ တစ်ချိန်တည်းမှာတော့ နှစ်ဦးလုံးရဲ့ မိတ်ဆွေမဖြစ်နိုင်ဘူး။

(မြည်တမ်းစကား ၁း၂) ညဉ့်အခါ ပြင်းစွာငိုကြွေး၍ သူ၏ပါးသည် မျက်ရည်နှင့် စိုးစွတ်လေ၏။ ရည်းစားအပေါင်းတို့တွင် နှစ်သိမ့်စေသောသူ တစ်ယောက်မျှမရှိ။ အဆွေခင်ပွန်းအပေါင်းတို့သည် သစ္စာပျက်၍ ရန်သူဖြစ်ကြပြီ။

ဘုရားသခင်ရဲ့ လူတွေဟာ သူတို့မှာ ချစ်ခြင်းမေတ္တာ တွေ ရှိနေတယ်လို့ထင်နေကြတယ်။ သူတို့မှာ ချမ်းသာမှုနှင့် လှပမှုတွေရှိသလို၊ ဆွဲဆောင်မှုရှိပြီး နှစ်လိုဖွယ်ကောင်းတယ်လို့ ခံယူကြတယ်။ သူတို့ရဲ့ ချစ်သူတွေကလည်း အံ့ဩစရာကောင်းတယ်လို့ မြင်နေပုံရတယ်။

ဒါကြောင့်အရာအားလုံးက အဆင်ပြေနေခဲ့တယ်။ ဒါပေမည့်လည်း နောက်ပိုင်းမှာ အဲဒီအရာတွေအားလုံးဟာ ပြောင်းလဲသွားခဲ့တယ်။ သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုတွေနှင့် စည်းစိမ်ဥစ္စာတွေ ယုတ်လျော့သွားသလို သူတို့ရဲ့ လှပမှုတွေကလည်း မှေးမှိန်ခဲ့တယ်။ အင်အားချိနဲ့လာကြပြီး ထိလွယ်ရှလွယ်ဖြစ်လာကြတယ်။

ရုတ်တရက်ဆိုသလိုဘဲ သူတို့ကို ချစ်တယ်ဆိုတဲ့ ချစ်သူတွေကလည်း မချစ်နိုင်တော့လို့ စွန့်ခွါသွားကြတယ်။ အတူရှိနေတဲ့ ဘဝတစ်လျှောက်လုံးမှာ သူတို့ဆီက အခွင့်အရေးတွေနှင့် အကျိုးရလဒ်တွေကို ယူသွားကြတယ်။ ဒီလိုသိလိုက်တဲ့အခါမှ အဲဒီလူတွေဟာ သူတို့ရဲ့ရန်သူဖြစ်သွားတယ်။

ဒါကတော့ လောကကို ချစ်တဲ့သူတွေနှင့် မှားယွင်းတဲ့ သူတွေကို ချစ်ကြတဲ့သူတွေ ပေးဆပ်လိုက်ရတဲ့ အဖိုးအခဘဲဖြစ်တယ်။ အခိုက်အတန့်အားဖြင့်တော့ သူတို့တွေဟာ ကျွန်တော်တို့ရဲ့ အိမ်မက်တွေကို ဖြည့်ဆည်းပေးပြီး လိုအပ်တဲ့အရာအားလုံးကို ပေးစွမ်းနိုင်ကြတယ်။ လက်ဆောင်တွေ၊ ဆုလဒ်တွေ ဒါမှမဟုတ် ဆွဲဆောင်မှုတွေရှိတဲ့ ကတိတွေကိုလည်း ပေးနိုင်တယ်။

ဒါပေမည့် သူတို့ရဲ့ ဦးတည်တဲ့ ရည်ရွယ်ချက်အစစ်က ဘာတွေဖြစ်မလဲ။
သူတို့ရဲ့ နှလုံးသားထဲမှာ ဘာတွေရှိနေမလဲ။
သူတို့ကမ်းလှမ်းချက်တွေရဲ့ တကယ့်တန်ဖိုးနှင့် ရေရှည်အကျိုးသက်ရောက်မှုတွေက ဘာတွေလဲ။

သမ္မာကျမ်းစာကတော့ ဤလောကနှင့် မိဿဟာယဖွဲ့လိုသောသူသည် ဘုရားသခင်၏ ရန်သူဖြစ်၏ လို့ (ယာကုပ် ၄း၄) မှာ သတိပေးထားပါတယ်။
ဒါကြောင့် ယနေ့ဘဲ သင့်အသက်တာကို စစ်ဆေးပါ။
သင်ဘယ်သူ့ကို ဝန်ခံနေသလဲ။

သင် အမှန်တကယ်ချစ်တာကဘယ်သူလဲ။
သင်ဟာ ဘာတွေနှင့် မိဿဟာယဖွဲ့နေသလဲ။
သင်ဘယ်သူ့ကို ယုံကြည်အားကိုးနေပါသလဲ။

သင့်အသက်တာကို ဘုရားသခင်ထံမှာ အပ်နှံပါ။ တခြားအရာတွေထက် ဘုရားသခင်နှင့် သူ့ရဲ့ နှုတ်ကပတ်တော်ကို ပိုချစ်ပါ။

ဒီလောကမှာရှိတဲ့ လူတွေရဲ့အကြောင်းနှင့် အရာရာကို ပိုင်းခြားသိမြင်တတ်တဲ့ ဥာဏ်ပညာကို ဘုရားသခင်ထံမှာ တောင်းခံခြင်းအားဖြင့် သင့်ရဲ့အသက်တာမှာ အရေးကြီးတဲ့အရာတွေကို ရှာဖွေလာနိုင်မှာဖြစ်တယ်။

ဆင်ခြင်ရန်မေးခွန်း
~~~~~~~~~
သင်က ဒီလောကနှင့် မိတ်ဆွေဖွဲ့နေလား။ ဘုရားသခင်နှင့် မိတ်ဆွေဖွဲ့နေလား။ သင်ဘယ်လိုသိနိုင်မလဲ။

God bless you!

(ကျေးဇူးပြီး Share ပေးပါ)
#ရွှေခါနာန်ဝိညာဉ်အာသာရ

02/09/2025

လိမ်ညာသောခေါင်းဆောင်များ (မုသားခေါင်းဆောင်များ)
~~~~~~~~
ကျွန်တော်တို့ကို လိမ်ညာနေတဲ့ ခေါင်းဆောင်ရှိနေမယ်ဆိုရင် ဘာ ဖြစ်သွားမလဲ။

(မြည်တမ်းစကား ၂း၁၄) သင်၏ပရောဖက်တို့သည် အချည်းနှီးသောအရာ၊ မိုက်သောအရာတို့ကို သင့်အဘို့မြင်ကြပြီ။ သိမ်းသွားချုပ်ထားသော အမှုကို ပြေစေခြင်းငှါ၊ သင်၏ အပြစ်ကို မဖော်မပြဘဲ မှားသောရူပါရုံ၊ လမ်းလွဲစရာအရာကို သင့်ဘို့မြင်ကြပြီ။

ဘုရားသခင်ရဲ့ လူတွေဟာ ဘာကြောင့် တရားစီရင်ခြင်းကို ခံခဲ့ရသလဲ။
ဘုရားသခင်က သူ့ရဲ့ ကောင်းကြီးကို ဘာကြောင့်ဖယ်ရှားခဲ့ရသလဲ။

သူတို့တွေဟာ ဘာကြောင့် ပြဿနာပေါင်းစုံနှင့် ကြုံတွေ့ခဲ့ရတာလဲ။ ဒီအချက်တွေရဲ့ အကြောင်းရင်းတစ်ခုကတော့ ခေါင်းဆောင်မှုညံ့ဖြင်းမှုကြောင့်ဘဲဖြစ်တယ်။ သူတို့ခေါင်းဆောင်တွေက သူ့လူတွေကို မှားယွင်းတဲ့ ကတိတွေနှင့် လှည့်စားခဲ့ပြီး၊ မိုက်မဲတဲ့ ပန်းတိုင်ဆီကို လျှောက်စေခဲ့တယ်။ အဲဒီရလဒ်ကတော့ ဘုရားရဲ့လူတွေဘဲ လှည့်စားခံခဲ့ကြရတယ်။

အဲဒီခေါင်းဆောင်တွေက ဘုရားသခင်နှင့်ဆိုင်တဲ့ စံနှုန်းတွေကို သတ်မှတ်ပေးဖို့ ပျက်ကွက်ခဲ့သလို၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နှင့်အညီ အသက်ရှင်ဖို့ လည်း ပျက်ကွက်ခဲ့ကြတယ်။ ကိုယ့်လူမျိုးကို တိတိကျကျမှန်မှန်ကန်ကန်သွန်သင်ဆုံးမရမည့်အစား အကျင့်ပျက်ခြစားမှုတွေကို ပျံ့ပွားစေခဲ့ပြီး အဲဒီလူတွေကိုလည်း ထိန်းသိမ်းစောင့်ရှောက်ဖို့ ပျက်ကွက်ခဲ့တယ်။

လှည့်စားတဲ့ ရူပါရုံတွေကို မြင်ကြပြီး လွဲမှားနေတဲ့ အရာတွေကို ဖတ်ရွတ်ကြတယ်။ အဲဒီလိုဘဲ မှားယွင်းတဲ့ သူတွေရဲ့ စကားကို နားထောင်ပြီး မမှန်ကန်တဲ့ အယူအဆတွေကိုလည်း ယုံကြည်ကြတယ်။ ဒီနေ့ကျွန်တော်တို့ရဲ့ ကမ္ဘာကြီး မှာ လူတွေကို ထိန်းချုပ်နိုင်ဖို့အတွက် လိမ်ညာနေတဲ့ ခေါင်းဆောင်တွေနှင့် ပြည့်နှက်နေပါတယ်။ သူတို့မှာ အာဏာ တွေ ရှိနေနိုင်ပေမည့်လည်း ဘုရားသခင်နှစ်သက်တဲ့သူတွေတော့ မဟုတ်ကြဘူး။

လူကြိုက်များနိုင်ပေမည့်လည်း ထာဝရနှင့် ဆိုင်တဲ့ သမ္မာတရားနှင့်တော့ပတ်သက်မှုမရှိကြဘူး။ သူတို့ ကလူတွေကို လှည့်ဖြားဖို့နှင့် မှားယွင်းတဲ့လမ်းကို သွေးဆောင်ဖို့တော့ကျွမ်းကျင်ကြတယ်။ ဘုရားသခင်ရဲ့ စံနှုန်းတွေနှင့် နှုတ်ကပတ်တော်က သွန်သင်ချက်တွေကို လျစ်လျူုရှုတတ်ကြတယ်။ အဲဒီလိုခေါင်းဆောင်တစ်ချို့မှာ ကောင်းတဲ့ ရည်ရွယ်ချက်ရှိတဲ့ ဥာဏ်ရည်ဥာဏ်သွေးတွေ ရှိကောင်းရှိနိုင်တယ်။

ဒါပေမည့်လည်း အဲဒါနှင့်တော့ မလုံလောက်ဘူး။ အဲဒီထက်ပိုပြီး ဘုရားသခင်ကို ရှာတဲ့သူ၊ မိမိအသက်တာကို နှုတ်ကပတ်တော်နှင့် အခြေခံတဲ့သူနှင့် ဘုရားသခင်ကောင်းကြီးကို တန်ဖိုးထားတဲ့လူတွေလိုမျိုး ခေါင်းဆောင်တွေကို ကျွန်တော်တို့အစဉ်အမြဲလိုအပ်ပါတယ်။

ဒါကြောင့် ဒီနေ့ခေတ်အချိန်အခါမှာ လှည့်စားမှုတွေကို သတိထားပါ။ လှည့်စားတတ်တဲ့ ခေါင်းဆောင်တွေရဲ့ လမ်းလွဲပေးနေမှုတွေကို မခံယူမိပါစေနှင့်။
သင့်တိုင်းပြည်ခေါင်းဆောင်တွေအတွက်ဆုတောင်းပါ။
သင့် နိုင်ငံ၊ သင့်လူမျိုး၊ သင့်မြို့ သင့်အသင်းတော်နှင့် သင့်စီးပွါးရေးအတွက် ဆုတောင်းပါ။

သင့်အသက်တာကို ဘုရားသခင်ထံအပ်နှံပြီး ဘုရားသခင်ရဲ့ ဥာဏ်ပညာကို ရှာဖို့လည်းဆုတောင်းပါ။ ဘုရားသခင်က သင့်ကို အခွင့်အရေးပေးထားသလို၊ သင်ကိုယ်တိုင်ကလည်း ဘုရားသခင်နှစ်သက်တဲ့ ခေါင်းဆောင်ဖြစ်စေပါ။

ဆင်ခြင်စရာမေးခွန်း
လူမှုအဖွဲ့အစည်းတွေရဲ့မုသားတွေကို ဘုရားသခင်ရဲ့ သမ္မာတရားနှင့် သင်ဘယ်လို ဆိုင်ပြိုင်တိုက်ဖျက်နိုင်မလဲ။

ခွန်အားဖြစ်စေတယ်ဆိုရင် Share ပေးပါ။
God bless you!

#ရွှေခါနာန်ဝိညာဉ်အာသာရ

02/08/2025

မပေးဘဲထားသောကောင်းကြီးများ (ထိန်းချုပ်ထားသောကောင်းကြီးများ) (ကျေးဇူးပြုပြီး Share ပေးပါ)
~~~~~~~~~
တကယ်လို့ ဘုရားသခင်က သူ့ရဲ့ ကောင်းကြီးတွေကို ချုပ်ကိုင်လိုက်တယ်လို့ ခံစားနေရရင်၊ သင်လိုအပ်နေတာက ဘုရားသခင်ဘဲဖြစ်တယ်ဆိုတာကို သဘောပေါက်နားလည်စေဖို့ ဘုရားသခင်က သင့်ကို သတိပေးနေခြင်းသာဖြစ်တယ်။

(မြည်တမ်းစကား ၂း၃) ပြင်းစွာအမျက်တော်ထွက်၍ ဣသရေလ၏ ဦးချိုရှိသမျှတို့ကို ဖြတ်တောက်မူပြီ။ ရန်သူရှေ့မှာ လက်ရုံးတော်ကို ရုပ်သိမ်းတော်မူပြီ။ အရပ်ရပ်လောင်သော မီးတောက်ကဲ့သို့ ယာကုပ်အမျိုးကို လောင်စေတော်မူပြီ။

ဘုရားသခင်ရဲ့ လူတွေဟာ အောင်မြင်မှုမှန်သမျှကို သူတို့ကိုယ်ပိုင်အစွမ်းနှင့်ရရှိခဲ့တယ်လို့ စတင်ပြီး တွေးတောလာကြတယ်။ ဒါပေမည့်လည်း ဘုရားသခင်က ကောင်းကြီးတွေကို ချုပ်ကိုင်လိုက်ခြင်းအားဖြင့်၊ သူတို့မှာ စွမ်းအားတွေ မရှိတော့သလို အကူအညီလည်း ဘယ်လောက်မဲ့နေမလဲဆိုတာကို ဘုရားသခင်က သူတို့ကို သဘောပေါက်စေချင်တယ်။

သူတို့ရဲ့ လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးခဲ့တဲ့အချိန်နှင့် တိုက်ပွဲတွေကို အောင်မြင်ခွင့် ပေးခဲ့တဲ့အချိန်တွေကို ပြန်ပြီးတော့ ကြည့်နိုင်ပါတယ်။ ရန်သူအရေအတွက်ထက်ပိုများတဲ့ အောင်ပွဲတွေကိုလည်း ရခဲ့တယ်။ ဒီအရာတွေဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့်ဖြစ်ပေမည့်လည်း သူတို့ကတော့ သူတို့ကိုယ်ပိုင်အစွမ်းကြောင့်ဖြစ်တယ်လို့ ထင်မြင်ဂုဏ်ယူကြတယ်။

အဲဒီအချိန်မှာ ဘုရားသခင်က ကောင်းကြီးတွေကို ရုတ်တရက် ရပ်လိုက်ပြီး သူတို့ကြုံတွေ့ရတဲ့ ပြဿနာတွေအားလုံးကိုလည်း ကူညီဖြေရှင်းပေးဖို့ အတွက် သူတို့နှင့်အတူ ရှိမနေခဲ့တော့ပါဘူး။ သူတို့ရဲ့ စီးပွါးရေးနှင့် လယ်ယာလုပ်ငန်းတွေကလည်း ကောင်းကြီးမခံစားရတော့ဘူး။

အဲဒီအချိန်မှာ ရန်သူကို ကိုယ်တိုင်ရင်ဆိုင်တိုက်ခိုက်လာကြရတယ်။ မကြာခင်မှာတော့ သူတို့ဟာ ဘယ်လောက်တောင်အကာအကွယ်မဲ့နေသလဲဆိုတာကို ကိုယ်တိုင်သိရှိလာခဲ့ကြတယ်။

ဘုရားသခင်က သူ့ကိုနာခံပြီး ယုံကြည်မှုရှိမှသာ အောင်မြင်မှုပေးမည့်အကြောင်းကို သူတို့ကို သတိရစေချင်တာဘဲဖြစ်တယ်။ နေ့ရက်တိုင်းမှာ ကျွန်တို့အသက်တာရဲ့ ရှိရှိသမျှအရာအားလုံးအတွက် ဘုရားသခင်ကို မှီခိုအားကိုးဖို့ ကျွန်တော်တို့မှာ အခွင့်အရေးရှိပါတယ်။ ရှုရှိုက်လိုက်တဲ့လေကအစ ဘဝအသက်တာအတွက် မရှိမဖြစ်လိုအပ်တဲ့ တခြား အရာတွေကိုလည်း ဘုရားသခင်က ကောင်းကြီးပေးနေတာဖြစ်တယ်။

ဘုရားသခင်က သင့်ကို အောင်မြင်မှုတွေနှင့် မျက်နာသာကိုလည်းပေးချင်ပါတယ်။ သင့် ရဲ့ဆုတောင်းချက်တွေ ကိုလည်း အဖြေပေးချင်ပြီး သင့်ရဲ့ အိမ်မက်တွေကိုလည်း အကောင်အထည်ဖော်ဖြည့်ဆည်းပေးချင်ပါတယ်။ ဒါပေမည့် သင်က အရာအားလုံးကို ဘုရားသခင်ဆီမှာ အပ်နှံဖို့လိုတယ်ဆိုတာကိုတော့ဘယ်တော့မှ မမေ့ပါနှင့်။

ထာဝရဘုရားရှေ့တော်မှာ ကိုယ့်ကိုကိုယ်နှိမ့်ချပြီး ဥာဏ်ပညာကိုရှာပါ။
သင့်ဘဝအသက်တာကို ကိုယ်တော့်ထံအပ်နှံပါ။
သင် ဆုံးဖြတ်ချက်များချရမည့်အခါတိုင်းတွင်လည်း ကိုယ်တော်၏ မစမှုကို တောင်းခံပါ။

သင့်အသက်တာကို ဘုရားသခင်ကို ချီးမွမ်းခြင်း နှင့် ပြည့်စေပါ။
ဘုရားသခင်ပေးထားတဲ့ အောင်မြင်မှုတွေအတွက် ဘုရားသခင်ရဲ့ ဂုဏ်ကျေးဇူးတွေကို ချီးမွမ်းပါ။

ဆင်ခြင်ရန်မေးခွန်း
ဘုရားသခင်ရဲ ဥာဏ်ပညာကိုရှာဖွေရန် သင်မည်ကဲ့သို့ဆုံးဖြတ်ချက်ချထားသလဲ။
God bless you!

#ရွှေခါနာန်ဝိညာဉ်အာသာရ

02/07/2025

အနာဂတ် (Like &Share လုပ်ပေးပါ)
~~~~~
ဘုရားသခင်က ကျွန်တော်တို့ရဲ့ အနာဂတ်ကောင်းစားဖို့နှင့် သူ့ရဲ့ဘုန်းထင်ရှားဖို့အတွက် ပဲ့ကိုင်စီမံပေးသူဖြစ်တဲ့အတွက်ကြောင့် ဘုရားသခင်ကို ယုံကြည်ပါ။

(မြည်တမ်းစကား ၁း၉) သူ၌မစင်ကြယ်သော လက္ခဏာထင်ရှားသော် လည်း၊ နောက်ခံရသောအပြစ်ကို မအောက်မေ့။ ထိုကြောင့်၊ မျက်နှာပေးသောသူမရှိဘဲ အံ့ဩဘွယ်သော အခြင်းအရာနှင့်နှိမ်ချခြင်းသို့ ရောက်လေ၏။ အိုထာဝရ ဘုရား၊ အကျွန်ုပ်ဆင်းရဲခြင်းကို ကြည့်ရှုတော်မူပါ။

ဘုရားသခင်ရဲ့ လူတွေက ရေတိုအကျိုးအမြတ်ရရှိဖို့နှင့် တခဏတာဘဲ ရရှိနိုင်မယ့် ပျော်ရွှင်မှုကို အခြေခံတဲ့ ဆုံးဖြတ်ချက်တွေကို ချခဲ့ကြတယ်။ သူတို့ဆုံးဖြတ်ချက်တွေကို ဘုရားသခင်ဆီအပ်နှံပြီး နှုတ်ကပတ်တော်အတိုင်း နာခံလိုက်လျှောက်ရမည့်အစားသူတို့ရဲ့ ကိုယ်ပိုင်အတွေးအခေါ်တွေနောက်ဘဲ လိုက်ခဲ့သလို၊ လောကီအသိပညာတွေကိုဘဲ နားထောင်ခဲ့ကြတယ်။ မှားယွင်းတဲ့ သွေးဆောင်မှုတွေထဲမှာ သူတို့ရဲ့ အချိန်နှင့် စွမ်းရည်တွေကို ကုန်ဆုံးစေခဲ့တယ်။

ဒါကြောင့် အရာအားလုံးမှားသွားတယ်ဆိုတာ အံ့ဩစရာတော့မဟုတ်ပါဘူး။ သူတို့ရဲ့ နောက်ကြောင်းကို ပြန်ကြည့်ရင် အဖိုးတန်တဲ့အရာတွေနှင့်ပြည့်ဝနေတဲ့ အတိတ်က အချိန်ကာလတွေကို ပြန်ပြီး သတိရနေခဲ့ကြတယ်။ (း၁၀) အခုလိုခက်ခဲဒုက္ခရောက်နေတဲ့အချိန်မှာ ဘယ်သူမှ မကူညီကြတော့ဘူး။ (း၇) အပျော်အပါးနဲ့ သာယာမှုကို ရှာခြင်း၊ မှားယွင်းတဲ့ သူတွေကို ယုံကြည်ခြင်း၊ လွဲမှားသော ပန်းတိုင်သို့လိုက်ခြင်း၊ ဆုံးဖြတ်ချက်တွေ မမှန်ကန်ခဲ့တဲ့အတွက် အဖိုးအခပေးလိုက်ရတာကို မမှတ်မိတော့ခြင်း စတဲ့ ဣသရေလလူတွေလိုဘဲ ကျွန်တော်တို့ လဲ မှားယွင်းနိုင်ပါတယ်။

သူတို့ရဲ့ အတွေ့အကြုံတွေကနေ ဘာတွေကို သင်ယူနိုင်မလဲ။

ဒီ လောကရဲ့ အပျော်အပါးနှင့် သာယာမှုများဟာ ယာယီမျှသာဖြစ်တယ်။ တကယ်လို့ ကျွန်တော်တို့ရဲ့ ကောင်းတဲ့ မိတ်ဆွေလို့ ထင်ရတဲ့ သူတွေဆီမှာ ကောင်းတဲ့ အကျင့်စာရိတ္တတွေမရှိဘူးဆိုရင် သူတို့ဟာ ကျွန်တော်တို့ရဲ့ ရန်သူတွေဘဲဖြစ်မယ်။

ဘုရားသခင်ရဲ့ အလိုတော်နှင့် မညီဘူးဆိုရင် ပျော်ရွှင် ဘွယ်ကောင်းတဲ့ လှုပ်ရှားမှုတွေ အဖြစ်အပျက်တွေတောင်မှ သေစေနိုင်တဲ့အဖြစ်ကို ပြောင်းလဲသွားနိုင်တယ်။ ဘုရားသခင်ဟာ ကျွန်တော်တို့ရဲ့ အနာဂတ်ကို သိတဲ့သူဖြစ်တယ်။ အခက်အခဲနှင့် ဒုက္ခပြဿနာတွေကို တားဆီးပေးနိုင်တယ်။ အခုကာလနှင့် ထာဝရကာလအတွက် ရေရှည်အကျိုးကို ဆောင်ကြဉ်းပေးတဲ့ ဥာဏ်ပညာကိုလည်းပေးနိုင်ပါတယ်။ လောကီကျင့်ထုံးတွေကို ခံယူခြင်းတွေ၊ အမြတ်အစွန်းတွေကို မြန်မြန်ဆန်ဆန်ရနိုင်တဲ့လမ်းတွေနှင့် ပျော်ရွှင်သာယာမှုတွေဆီကို ကူးပြောင်းသွားစေတဲ့ လမ်းတွေကို သတိထားပါ။ အဲဒီအရာတွေအစား ဘုရားသခင်ရဲ့ နောက်ကိုသာလိုက်ပြီး သင့်ဘဝအသက်တာကို ဦးဆောင်ပေးဖို့ ဘုရားသခင်ကို တောင်းခံပါ။

ဆင်ခြင်ဖို့မေးခွန်း။
ဘုရားသခင်ကို မယုံကြည်ခဲ့ဘဲ၊ ဆုံးဖြတ်ချက်တွေချခဲ့တဲ့အချိန်မှာ သင်ဘာဖြစ်ခဲ့သလဲ။
God bless you!
#ရွှေခါနာန်ဝိညာဉ်အာဟာရ

02/06/2025

ထက်သန်သောဆုတောင်းခြင်း
~~~~~~~~~~~~~
ကျွန်တော်တို့ ဘုရားသခင်ထံတော်သို့ထက်သန်သော ဆုတောင်းခြင်းအားဖြင့်တောင်းလျှင် ဘာဖြစ်လာမလဲ။

(‌မြည်တမ်းစကား ၂း၁၈-၁၉) သူတို့သည်စိတ်နှလုံးထဲက ထာဝရဘုရားကို အော်ဟစ်ကြ၏။ အိုဇိအုန်သတို့သမီး ၏မြို့ရိုး၊ သင်၏ မျက်ရည်သည် မြစ်ရေစီးသကဲ့သို့ နေ့ညဉ့်မပြတ်စီးစေ လော့။ ကိုယ်ကိုကိုယ် မငြိမ်းစေနှင့်။ သင်၏မျက်ဆန်ကိုလည်း မငြိမ်းစေနှင့်။ ညဦးယံအချိန်၌ ထ၍အော်ဟစ်လော့။ ထာဝရ ဘုရား၏ မျက်နှာတော်ရှေ့မှာ သင်၏နှလုံးကို ရေကဲ့သို့ သွန်းလောင်းလော့။ ငတ်မွတ်၍ ခပ်သိမ်းသော လမ်းဝမှာ အားပျက်လျက်နေသော သင်၏သူငယ်တို့ကို အသက် ချမ်းသာစေခြင်းငှါ၊ အထံတော်သို့ သင်၏လက်ကို ချီဆန့်လော့။

ဘုရားသခင်က သူ့ရဲ့လူတွေ အပြစ်ပြုနေချိန်မှာတောင် သူ့ရဲ့ လူတွေကို မျှော်လင့်ခြင်း၊ ခွင့်လွှတ်ခြင်း နှင့် အသက်တာ ပြန်လည်တည်ဆောက်ခြင်းကို ကရုဏာနှင့် လုပ်ဆောင်ပေးပါတယ်။ အဲဒီလို ဘုရားသခင်ရဲ့ ပြုပြင်တော်မူခြင်းကို ခံရဖို့အတွက် ကတော့ မိမိအပြစ်တွေကို ဝန်ချတောင်းပန်ခြင်း၊ နောင်တရခြင်းနှင့် စိတ်နှိမ့်ချပြီး ကိုယ်တော်ကို ရှာဖို့ လိုအပ်ပါတယ်။ ယေရမိခေတ်အချိန်အခါတုန်းက လူတစ်ချို့ဟာ ဘုရားသခင်ရဲ့ ပြန်လည်တည်ဆောက်ခြင်းကို အမှန်တကယ်ဘဲ အလေးအနက်ထားခဲ့ကြတယ်။ သူတို့တွေရဲ့ ဆုတောင်းသံတွေဟာ ယဉ်ကျေးသိမ်မွေ့မှုမရှိဘဲ၊ စိတ်အား ထက်သန်ပြင်းထန်ကြတယ်။

ငိုကြွေးခြင်း အတူ ကြားခံပြီးဆုတောင်းကြတယ်။ သူတို့မျက်ရည်တွေဟာ မြစ်လိုဘဲ နေ့ညမပြတ်စီးကြနေကြတယ်။ သူတို့စိတ်နှလုံးကိုလည်း ဘုရားသခင်ရဲ့ မျက်မှောက်တော်မှာ ရေလိုဘဲ သွန်းလောင်းကြတယ်။ အဲဒီလိုလူတွေက မိမိပြဿနာအတွက်ဘဲ ပူပန်နေကြတဲ့အချိန်မှာ ယေရမိက နောက်မျိုးဆက်တွေအတွက်လည်း ဝန်တာထားပြီးစဉ်းစားဖို့ သူတို့ကို တိုက်တွန်းခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ကလေးသူငယ်တွေဟာ အစာ ပြတ်လပ်ဆာလောင်မွတ်သိပ်မှုတွေ ကြောင့် မေ့လဲသွားကြရတဲ့အထိ ဖြစ်ခဲ့တယ်။

မိမိတို့ရဲ့ အပြစ်အကျိုးဆက်ဟာ သားသမီးတွေအပေါ်မှာ ဘယ်လို အကျိုးသက်ရောက်မှုရှိသလဲဆိုတာ နားလည်ဖို့ပြောခဲ့တယ်။

သူတို့အမှားတွေကြောင့် ရေရှည်အကျိုးသက်ရောက်မှုတွေဟာ ဘာတွေဖြစ်မလဲ။
ဘုရားသခင်ရဲ့ ပြုပြင်တည်ဆောက်ပေးခြင်းကို ဘယ်လိုပြန်လည်ရယူနိုင်ကြမလဲ။

ယခုခေတ်အချိန်မှာ တရားစီရင်ခြင်းနှင့် ဒုက္ခဆင်းရဲခြင်းများကို ကမ္ဘာတဝန်းမှာ ကျွန်တော်တို့ မြင်တွေ့နေရတယ်။ ဘုရားသခင်ဟာ အချုပ်အခြာအာဏာပိုင်ပြီး သန့်ရှင်းတယ်။ ထာဝရစံနှုန်းတွေရှိပြီးတော့ လူတစ်ယောက်စီတိုင်း နှင့် တိုင်းနိုင်ငံတစ်ခုစီတိုင်း “မိမိတို့ကြဲသည့်အတိုင်းရိတ်ရမယ်” ဆိုတာကို ကျွန်တော်တို့ကို သတိပေးနေပါတယ်။

ဒါပေမည့်လည်း ဘုရားသခင်က ကျွန်တော်တို့ကို အမြဲတမ်းပြန်လည်ပြုပြင်ပေးနေပါတယ်။ ကိုယ့်အပြစ်နှင့် အမှားတွေကို သိမြင်လာတဲ့အချိန်၊ ဘုရားသခင်ကို မနာခံကျော ခိုင်းပြီး မိမိသဘောအတိုင်း အသက်ရှင်ခဲ့တဲ့အချိန်နဲ့ ကိုယ့်မှားယွင်းမှုကြောင့် ဝမ်းနည်းမှုခံစားနေရချိန်မှာ ဘုရားသခင်ဆီကို ပြန်လှည့်မယ်ဆိုရင် ဘုရားသခင်ရဲ့ ပြန်လည်ပြုပြင်မှုက အဲဒီအချိန်မှာ အစပြုပါတယ်။

ဒီနေ့ဘဲ သင့်အသက်တာရဲ့ အပြစ်နှင့် သင့်လူမျိုးရဲ့ အပြစ်တွေကို ဖော်ပြဖို့ ဘုရားသခင်ကို တောင်းလျှောက်ပါ။
ကိုယ့်ကိုကိုယ်နှိမ့်ချပါ။

ကိုယ်တော်ရဲ့ ကရုဏာတော်နှင့် ခွင့်လွှတ်မှုအတွက် အော်ဟစ် ငိုကြွေး ဆုတောင်းကြပါ။

စိတ်အားထက်သန်စွာနှင့် ပြင်းပြင်းထန်ထန် ဆုတောင်းကြပါ။
သင့်အသက်တာနှင့် သင့်တိုင်းနိုင်ငံပြန်လည်ပြုပြင်တည်ဆောက်ပြီးတဲ့တိုင်အောင် ဘုရားသခင်မျက်နှာတော်ကို နေ့စဉ်အဆက်မပြတ်ရှာပါ။
#ရွှေခါနာန်ဝိညာဉ်အာဟာရ

Want your public figure to be the top-listed Public Figure in Wichita?

Click here to claim your Sponsored Listing.

Videos (show all)

Location

Category

Telephone

Address

4551 Auburn Street
Wichita, KS
67220

Opening Hours

Tuesday 7:45pm - 10:30pm
Wednesday 7:45pm - 10:30pm
Thursday 7:45pm - 10:30pm
Sunday 7:30pm - 10:30pm